ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ထီပြွန်နှင့် နောင်ယာဆိုင်းအခြေခံပညာမူလတန်းကျောင်းတွင် ဇွန်လ ၁၈ ရက်၊ နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်မူးယစ်ဆေးစသည်တို့ကို ဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်‌ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲသို့ အ.မ.ကထီပြွန်နှင့် နောင်ယာဆိုင်းမှကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့်  အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း