ပြင်ဦးလွင် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ ဇွန်လ ( ၁၇ ) ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲက ရပ်ကွက်ကြီး ( ၉ ) ရှိ အေးမြချမ်းသာ သီလရှင်စာသင်တိုက်၌ သီလရှင် ဆရာကြီး /ဆရာလေးများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထွေထွေသမားတော်၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ မျက်မှန်အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ မျက်မှန်ကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင်၊ အကြောအဆစ်ကျွမ်းကျင်နှင့် ဆေးဝါးကျွမ်းကျင်အဖွဲ့တို့မှ သီလရှင် ဆရာကြီး၊ ဆရာလေးများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၇၃) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးဝါးများအခမဲ့လှူဒါန်းပေးခဲ့ပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)