မိတ္ထီလာခရိုင်တွင် နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက(၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နွေစပါးမျိူးစေ့ထုတ် စိုက်ခင်းဧက (၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာ ဦးပိုင်အမှတ် ၁၀၅၊ ကွင်းအမှတ် ၈၄၉ ရှိ နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက (၂၀၀)ရှိ တောင်သူ ဦးမြင့်အေး၏ စိုက်ဧက ၂.၅၀ ဧကတွင်  ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀၀) ကွင်းသရုပ်ပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် ကောက်ကွက်ပြည့်မီရေး၊ သွင်းအားစုများ အပြည့်အဝထည့်သွင်း စိုက်ပျိုး ရေး၊ မျိုးကွဲနှုတ်ပယ်ရေးစသည့်စိုက်ပျိုးရေးနည်းပညာများကို ဆွေးနွေးခဲ့ပြီး မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် နွေစပါးများ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် နွေစပါးကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းမှုအခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာရှိ တောင်သူ ဦးမြင့်အေး၏ စိုက်ဧက ၂.၅၀ ဧကရှိ နွေစပါး ( GW-11) မျိူးစပါးစိုက်ပျိုးထားမှုအား စံကွက်ရိတ်သိမ်းခဲ့ရာ   စိုက်ဧက တစ်ဧက စပါးတင်း (အစို) ၁၂၀.၁၂တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက (၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ခရိုင်မြေ၊မျိုး၊ပိုးတာဝန်ခံများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ မိတ္ထီလာမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)