တံတားဦး ဇွန် ၁၈
တံတားဦးခရိုင်/မြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် သမိုင်းဝင်ရွှေသာလျောင်းဘုရားကြီး(ပေါင်းလဲကြီး) ပရဝုဏ်ဝန်းတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ကြောင်းသိရသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ရတနာတန်းဝင် ကျွန်းပင်များကို တာဝန်ရှိသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များက တာဝန်ရှိသူများထံသို့ ရတနာတန်းဝင် ကျွန်းပင်များကို အသီးသီးပေးအပ်ကြသည်။ ထို့နောက် ခရိုင်/ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရတနာတန်းဝင်ကျွန်းပင်(၃၀)ပင်၊ မကျည်း(၆၀)ပင်၊ ကုက္ကို(၆၀)ပင်နှင့် တမာ(၆၀)ပင်၊ စုစုပေါင်း (၂၁၀)ပင်တို့အား ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများက တပျော်တစ်ပါးစိုက်ပျိုးကြသည်။
စိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများက ရေလောင်းခြင်းလုပ်ငန်းနှင့် လိုအပ်သည့် မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများကို စနစ်တကျ ပြုစုထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးထံမှသိရသည်။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဌာနဆိုင်ရာများနှင့် စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)