ပန်းဘဲတန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပန်းဘဲတန်း ဇွန် ၁၈

ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်ဝစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်း မြတ်ဆရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခေတ္တမြို့နယ်ပညာရေးမှူး ဦးစိုးဇေယျာငြိမ်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ဗလငါးတန် (ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ) နှင့် ပြည့်ဝသည့် လူငယ်များ ဖြစ်ထွန်းစေရေးနှင့် စာဖတ်ခြင်း၏ အရေးပါမှုအကြောင်းကို အဓိကဟောပြောခဲ့ပြီး၊ ကျောင်းသား/သူများ၏ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ဉာဏ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတို့ပြုလုပ်ကာ အနိုင်ရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး၊ ကျောင်းသား/သူများအား သုတ၊ ရသစာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)