မောက်မယ် ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်နမ့်ယွမ်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ မူးယစ်ဆေးဝါးသုံးစွဲခြင်းအန္တရာယ်မှ ကင်းဝေးစေရန်၊ မြို့နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ခင်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် မြို့နယ်အဆင့်မှ ခရိုင်/ပြည်နယ်/တိုင်းအဆင့်မှ မြန်မာ့လက်ရွေးစင်အဆင့်ဆင့်သို့ တက်လှမ်းနိုင်စေရန်ရည်ရွယ်၍ အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သော အားကစားသမားများနှင့် ပရိတ်သတ်များတို့က နိုင်ငံတော်အလံကို အလေးပြုကြ၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က ယနေ့ဖွင့်ပွဲတွင် ယှဉ်ပြိုင်ကစားမည့် ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲစတင်ပြီး မီးသတ်အသင်းနှင့် အ.ထ.ကအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့ကကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း(၁၁)သင်းဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)