ကျောက်ပန်းတောင်း ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူလေးများအား ယနေ့ နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ပညာရေးမှူးတို့လိုက်ပါလျက်၊ ယနေ့နံနက်က ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ကြပြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပင်မစာစစ်ဌာနနှင့် တိုးချဲ့စာစစ်ဌာနများကို ဝင်ရောက်ကြည့်ရှု စစ်ဆေးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်မျာသည် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့၊ သင်္ချာဘာသာဖြေဆိုရန် ရောက်ရှိလာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား စာစစ်ဌာနအဝင်မှနေ၍ နှုတ်ဆက်အားပေးစကား ပြောကြားကြပြီး၊ စာမေးပွဲဖြေဆိုနေမှုအခြေအနေများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများအား၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေ ကြသည့် ကျောင်းသား/ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာနှင့် လုံခြုံစိတ်ချစွာ စာမေးပွဲဖြေဆိုနိုင်ကြစေရန်အတွက်၊ စာမေးပွဲကာလအတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များအနေဖြင့် လိုအပ်သည်များကို ပြည်ပြည့်ဝဝ ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)