မိုင်းပျဉ်း ဇွန် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအကြောင်း အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ လက္ခဏာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းတို့ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်မျိုးသူက လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်သည့်အတွက် ကျန်းမာသန်စွမ်းထက်မြက်ပြီး၊ အသိပညာဗဟုသုတနှင့် ပြည့်စုံကြွယ်ဝသော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မူးယစ်ကင်းစင်သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် အရေးကြီးပုံအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရေးတို့ကို လည်းကောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)