ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ဒဂုံဆိပ်ကမ်း ဇွန် ၁၈

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌နေ့နံနက် ၁၀ နာရီအချိန်က ညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော်က နိုင်ငံသားတိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေး ရပ်ကွက်နေ ပြည်သူလူထုလက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးဆောင်ရွက်ရာတွင် လက်(၁၀)ချောင်း လက်ဗွေနှိတ်ရမှသာ နိုင်ငံသားမှတ်ပုံတင်ကတ်အစစ်ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ကတ်ရရှိသူများအား ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းကိုလည်း နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်မိုးကြည်က အမှာစကားပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ထုတ်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း ၃၁ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၅ ကတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်မိုးကြည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူနှင့် မြို့နယ်လဝကဦးစီးမှူး ဦးအေးကျော်တို့က ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူများအား (၁.၁.၂၀၂၅)မှ (၃၁.၁၀.၂၀၂၅)ထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)