မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပြန်လည်ကျင်းပစစ်ဆေးသည့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဇွန် ၁၈

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ပြန်လည်ကျင်းပ စစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး ဇွန် ၁၇ ရက်နေ့  ဒုတိယနေ့၌ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုလျက်ရှိရာ ဇွန်လ (၁၇)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ကျောက်ဆည်ခရိုင်အတွင်း သတ်မှတ်စာဖြေဌာနများ၌ ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

ထိုသို့လိုက်လံကြည့်ရှုရာတွင် ကျောက်ဆည်မြို့ရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ရောက်ရှိပြီး စာဖြေခန်းများတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ကျောက်ဆည်မြို့ ဘောဂဝတီရပ်ကွက်၊ မင်းရဲဆည်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများဖြင့် ရေဘေးအန္တရာယ်ဆိုင်ရာရှာဖွေ ကယ်ဆယ်ရေးဇာတ်တိုက် သရုပ်ပြ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြစ်သားမြို့နယ်၊ ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း(သာလွန်)စာစစ်ဌာနသို့ ရောက်ရှိပြီး စာဖြေခန်းများတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများ ကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း(ကူမဲ)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများဖြင့်ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ စဉ့်ကိုင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ပလိပ်)စာစစ်ဌာနရှိ စာဖြေခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများကိုလည်းကောင်း၊ ၁၆ ကုတင်ဆံ့တိုက် နယ်ပြည်သူ့ဆေးရုံ(ပလိပ်) သီးသန့်စာဖြေခန်း၌ ငလျင်ဒဏ်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်နေသူ ကျောင်းသားတစ်ဦး စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြင်းခြံခရိုင်အတွင်းရှိ သတ်မှတ်စာစစ်ဌာနများသို့ သွားရောက်ပြီး စာဖြေခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၂၅ ခုတွင် စာစစ်ဌာန ၁၀၁ ခု ဖွင့်လှစ်ထားပြီး ယနေ့အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ၃၃၇၆၈ ဦး (ဖြေဆိုသည့် ရာခိုင်နှုန်း ၉၈.၆၂ ရာခိုင်နှုန်း) ရှိခဲ့ကြောင်းသိရသည်။

ထွန်းထွန်းနိုင်