နေပြည်တော် ဇွန် ၁၇
နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှုးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရေး၊ ပညာရေးမြို့တော်ဖြစ်စေရေး၊ သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေသော မြို့တော်ဖြစ်စေရေး၊ အများပြည်သူလေ့လာနိုင်သော မြို့တော်ဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို တိုင်းဒေသကြီး၊ ပြည်နယ်များ၏ စံပြမြို့တော်ဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ဆိုတာ ယာဉ်မတော်တဆဖြစ်မှုတွေနဲ့ ၎င်းမတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများ လျော့နည်းကျဆင်းသွားအောင်၊ ထိုမှတစ်ဆင့်လုံးဝပပျောက်သွားအောင် စီမံအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းအခြေခံအဆောက်အဦများကလည်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အရေးပါတာဖြစ်သည့်အတွက် လက်ရှိငလျင်ဒဏ်ကြောင့် ပြန်လည်ပြင်ဆင်လျက်ရှိတဲ့ လမ်းများတွင် လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် ဆေးရေးအမှတ်အသားများကို ပြည့်စုံစွာ ပြန်လည်ဖြည့်တင်းပေးဖို့လိုကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားတဲ့ Quick Win အစီအမံ(၅)ရပ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ မှတ်ပုံတင်မဲ့ယာဉ်များ စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ခွင့်ရရှိထားပြီးသူများကိုသာ အများပြည်သူဆိုင်ရာလမ်းများပေါ်မှာ မောင်းနှင်သွားလာစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ယာဉ်မတော်တဆမှုသည် အဓိကအားဖြင့် လူတွေရဲ့ပယောဂကြောင့် ပေါ်ပေါက်လာရတဲ့ ပြဿနာဖြစ်သည့်အတွက် လူတစ်ဦးချင်းစီက ကိုယ်စီလိုက်နာထိန်းသိမ်းကြရန်လိုကြောင်း၊ လိုက်နာထိန်းသိမ်းဆောင်ရွက်ဖို့ အားနည်းတဲ့လူတွေကို ပညာပေးရန်၊ ထိန်းသိမ်းကြပ်မတ်ရန်နှင့် စစ်ဆေးအရေးယူရန် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပြီး ယာဉ်မတော်တဆမှုအရေအတွက်၊ ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရမှု အရေအတွက်များ တဖြည်းဖြည်း လျော့နည်းကျဆင်းသွားအောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းပိန်မိန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကိစ္စရပ်များ၊ နေပြည်တော်အမှတ်(၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး၊ တပ်ဖွဲ့မှူး ရဲမှူးဘချစ်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှုးကြီး ရဲမိုးသည် ပျဉ်းမနားမြို့၊ မင်းဝန်တောင် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ဘိလပ်မြေ ၁၀၀ အိပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)