တိုက်ကြီးမြို့နယ်၊ ဓမ္မိတ်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ SMART Village ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်

တိုက်ကြီး ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ SMART Village ထူထောင်ရေးစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အလယ်ဘုတ်ကျေးရွာအုပ်စု၊ ဓမ္မိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က စီမံကိန်းရည်ရွယ်ချက်၊ ဆောင်ရွက်ရမည့် နည်းလမ်းနှင့် စီမံကိန်းရွေးချယ်ရာတွင် အခြေခံရမည့်မူများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက စီမံကိန်းအဓိကလုပ်ငန်းစဉ်နှင့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။

ဓမ္မိတ်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ကျေးရွာစီမံကိန်း ကော်မတီဝင် ၇ ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)