ကျောက်ဆည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် ယနေ့နံနက် (၁၁)နာရီက ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ရီရီဌေးက ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ချိန်မှန်စိုက်ပျိုးခြင်း၊ ထယ်ရေးနက်နက်၊ ထွန်ရေး ညက်ညက်မြေပြုပြင်ခြင်း၊ တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည့်မီအောင်စိုက်ပျိုးရေး၊ မြေပြုပြင်စဉ် သွင်းအားစုများ စနစ်တကျထည့်သွင်းအသုံးပြုခြင်း၊ အပင်သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ အစိုဓာတ်မပြတ်ဆောင်ရွက်ခြင်း၊ လိုအပ်သည့်အချိန်များတွင် ပိုးသတ်ဆေးဖြန်းခြင်း အကြောင်းများကို လည်းကောင်း၊ မြေအသုံးခြရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မို့မို့စိုးက မြေအမျိုးအစားများအကြောင်းနှင့် စိုက်ပျိုးရာသီ၌အစိုဓာတ်အမီစိုက်ပျိုးရေး၊ မျိုးစေ့မှန်ကန်ရေးအကြောင်းများကို အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝါစိုက်တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မန္တလေးတိုင်း ဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူးက မေးမြန်မှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဝါသုတေသနနှင့်နည်းပညဖွံ့ဖြိုးရေးခြံ(လွန်ကျော်)မှ ရွှေတောင်(၈)ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်သူနည်းပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သက်မောင်(ကျောက်ဆည်)