မြစ်သား ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲအခြေခံပညာ အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အဆိုပါကျောင်းကွင်း၌ ပြသဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သီရီပျံချီ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူမဲမြို့အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြသခဲ့သည်။ ထို့နောက်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်ကူမဲမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ တာဝန်ရှိသူများအား ရေသန့်၊ အမဲသားဘူး၊ စားသောက်ကုန်ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သီရီပျံချီဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှတပ်ဖွဲ့ဝင်များ၊ ကူမဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)