တိုက်ကြီး ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နံနက် ၅ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တာခွကျေးရွာအုပ်စု၊ အင်းယက်ကြီးကျေးရွာရှိ နေအိမ် ၆ လုံးမှာ အမိုးလန်ပျက်စီးခြင်း၊ နေအိမ်တစ်လုံးပြိုကျခြင်းနှင့် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်တစ်ပင်လဲကျခြင်းတို့ ဖြစ်ပွားသည်။
ဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးတို့က အမိုးလန်ပျက်စီးသော နေအိမ် ၆ လုံးမှ မိသားစုဝင်များအား ရှာဖွေကယ်ဆယ်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ နေအိမ်တစ်လုံးပြိုကျနေမှုအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ပိုင်ရှင်ဦးအောင်မင်းစိန်၏ (၂၀x၃၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းနေအိမ်ခေါင်မိုးပေါ်သို့ လုံးပတ် ၂ ပေ၊ အမြင့် ၆၀ ပေရှိ လဲကျနေသည့် မလေးရှားပိတောက်ပင်အား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တာခွကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ရွာလယ်လမ်းမပေါ်သို့ လဲကျနေသည့် လုံးပတ် ၄ ပေ၊ အမြင့် ၄၀ ပေရှိ ကုက္ကိုပင်တစ်ပင်နှင့် လုံးပတ် ၃ ပေ၊ အမြင့် ၄၀ ပေရှိ ကုက္ကိုပင်တစ်ပင်တို့အား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လမ်းများ ပုံမှန်သွားလာနိုင်ပြီဖြစ်ပြီး အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)