ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် YGW အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်း၍ “စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ ဇွန် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ YGW အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို   လေ့လာတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ယင်းနောက် စာရေးဆရာ မောင်ရည်ကျော်(ရူပ)က “စာအုပ်စာပေလူ့မိတ်ဆွေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က “လူငယ်နှင့် ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေး နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်၊ စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက  လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)