ဟားခါး ဇွန် ၁၇
အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေး အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှိုက်ဆိုသည်မှာ ယေဘုယျအားဖြင့် လူတို့အသုံးမလိုသဖြင့် စွန့်ပစ်လိုက်သည့် အစိုင်အခဲ၊ အရည်နှင့်အခိုးအငွေ့အားလုံးကိုဆိုလိုပြီး လူနှင့် တိရစ္ဆာန်တို့မှ စွန့်ပစ်အညစ်အကြေးများအပြင် မြို့၊ ကျေးရွာဧရိယာများ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာစွန့်ပစ်ပစ္စည်းများ အားလုံး ပါဝင်ပါကြောင်း၊ အဆိုပါအမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းမပြုပါက ရေထု၊ လေထုအပါ အဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ခံစားရမည် ဖြစ်သည့်ပြင် ပတ်ဝန်းကျင်သာယာလှပမှုကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ လူတိုင်းတွင် စွန့်ပစ်အမှိုက် များကို စနစ်တကျစွန့်ပစ်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် လူတို့စွန့်ပစ်သည့် အမှိုက်များကို Recycle ပြန်လည်ပြုလုပ်အသုံးချနိုင်ရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ လျှပ်စစ် အမှိုက်၊ ဓာတုဗေဒအမှိုက်စသည်ဖြင့် အမှိုက်အမျိုးအစားခွဲခြား၍ စွန့်ပစ်ရန်လိုအပ်ပါကြောင်း၊ ပလတ်စတစ်အမှိုက်များက စက္ကူ၊ သစ်ရွက်၊ သစ်၊ ဝါး၊ ဟင်းသီးဟင်းရွက်စသည့် အော်ဂဲနစ် ပစ္စည်းများကဲ့သို့ အလွယ်တကူ ဆွေးမြေ့ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေပြီး မြေကြီး၊ ရေထဲမှာ အခြားဓာတ်များနှင့် ဓာတုဓာတ်ပေါင်းများအဖြစ် လူအပါအဝင် ကုန်းနေရေနေ သတ္တဝါများအပေါ် ထိခိုက်စေပြီး ဂေဟစနစ်ပျက်စီးခြင်းဖြစ်ပေါ်စေနိုင်သောကြောင့် ပလတ် စတစ် လျော့ချသုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာလည်း “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်း အားဖြင့် ဆောင်ရွက်ပေး”ဟု သတ်မှတ်ထားပါကြောင်း၊ ချင်းပြည်နယ်သည် ရေမြေတောတောင် သဘာဝအလှများနှင့် စိမ်းလန်းစိုပြည်သာယာလှပသည့် ရှုခင်းကောင်းနေရာ အများအပြားရှိ၍ အဆိုပါသာယာလှပသည့် ပတ်ဝန်းကျင်သာယာလှပမှုကို မထိခိုက်စေရန်အတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ခြင်းမပြုလုပ်ရန်လိုကြောင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းသည် နိုင်ငံကြီးသား ပီသရာရောက်ပြီး သာယာလှပသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့်အတူ ကျန်းမာပြီး အဆင့်အတန်းမြင့်မားသည့် လူနေမှုဘဝရရှိနိုင်စေမည်ဖြစ်သည့်အတွက် စနစ်တကျ အမှိုက်များ စွန့်ပစ်ရေး လိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးညီညီနိုင်က အမှိုက်စနစ် တကျစွန့်ပစ်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ကို ပြသသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်ဇနီး၊ ပြည်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက် (၄) မျိုး စနစ်တကျ စွန့်ပစ်ရေး သရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)