ကျောက်ဆည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ (၁) နာရီက ကျောက်ဆည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းဘက်စုံသုံးခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်ထက်မြက်စေရန်၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းစန်းဝင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များနှင့်ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)