မြစ်ကြီးနား ဇွန် ၁၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင်စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနရှိ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး ခဲ့ကြပြီး ကျောင်းစာဖြေခန်းများအတွင်း စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျန်းမာ ရေးစောင့်ရှောက်မှု အဖွဲ့ဝင်များအား တွေ့ဆုံအားပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ အနှောင့်အယှက်မရှိ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး ကြရေး မှာကြားခဲ့ပြီး ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စာမေးပွဲဖြေဆိုပြီးချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ မြန်မာစာဘာသာရပ်ဖြေဆိုပြီး ပြန်လည်ထွက်ခွာလာခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ကျောင်းသား/ကျောင်းသူများအတွက် အာဟာဖြစ် မုန့်နှင့် ဖျော်ရေဘူးများကို ဝေငှကျွေးမွေးပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂) ခု ဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၈၆၉၆) ဦးအနက် ယနေ့ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူဦးရေ (၈၅၈၄)ဦး ဖြေဆိုခဲ့ကြပြီး ရာခိုင်နှုန်းအနေဖြင့် (၉၈ ဒဿမ ၇၁) ရာခိုင်နှုန်းရှိကြောင်း သိရှိရပြီး စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရေး တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် (၈) နာရီခွဲကလည်း မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်းပုံကျေးရွာအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ပိုင်ရှင်ဦးဇော်ဆိုင်း၏ခြံသို့ သွားရောက်ခဲ့ကြပြီး ခြံဝင်းအတွင်းရှိ နွားခြံ၌ ဒေသနွားများနှင့် မွေးမြူရေးနွားများ မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ ကြက်ခြံ (၂)ခြံအတွင်း အသားစားကြက်ပေါက်ကောင်ရေ (၃၂၀၀)နှင့် ကြက်ကြီးကောင်ရေ (၃၀၀၀)မွေးမြူထားရှိမှုတို့ကို လည်းကောင်း၊ အလားတူ နောင်းပုံကျေးရွာအတွင်း ၎င်းပိုင်ခြံ၌ ငါးကန်များ၊ ချိုးငှက်များ၊ တောကြက်များနှင့် ဒေသဝက်၊ တောဝက်များ မွေးမြူထားရှိမှု များ လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမတည်ငွေမှ ရင်းနှီးမတည်ပေးနိုင်ရေးနှင့် နည်းစနစ်ကျ မွေးမြူစိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့အသီးသီးက ကြီးမှူး၍ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ ဖူဆယ် ဘောလုံးကွင်းအတွင်း၌ ကျင်းပသော Happy Father’s Day Fellowship Cup အသက် (၃၄)နှစ် အထက် ဖခင်များနေ့အထိမ်းအမှတ် မိသဟာယဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေးခဲ့ကြရာ ဗိုလ်လုပွဲစဉ်အဖြစ် ဒူးဒူရှရော်အသင်းနှင့် New Vision အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဖူဆယ်ဘောလုံး အားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ သည်။
ဆက်လက်၍ ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးပြိုင်ပွဲ အတွက် ချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် ပြိုင်ပွဲတွင် ဂုဏ်တော်သီချင်းသီဆိုသူများနှင့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း၊ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ သိက္ခာတော်ရဆရာ ဦးဂျီဇုံးယော်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသော ဌာန၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။
ထို့နောက်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံး ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တတိယဆုရ အသင်းနှင့် ဒုတိယဆုရအသင်းတို့အတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ မင်းရပ်ပြည်သူ့ရင်ပြင်မှတစ်ဆင့် ရေစင်ဈေးတစ်လျှောက် စည်ပင်သာယာဆိပ်ကမ်းအထိ ဧရာဝတီ မြစ်ကမ်းပါးတစ်လျှောက် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြှင့်မှုမှ ကာကွယ်နိုင်ရေးအတွက် မူလရှိပြီးသား ကျောက်စီရေထိန်းနံရံပေါ်တွင် မြစ်ရေမြင့်တက်နိုင်သည့် အမြင့်ဆုံးအမှတ် (၁၄၅၀) စင်တီမီတာထိ ကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီနံရံ ထပ်ဆင့်တည်ဆောက်သွားနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလီဘောပြိုင်ပွဲတွင် တတိယဆုနှင့်လေးနှစ်ဆက်တိုက် ရိုက်ချက်အကောင်းဆုံးဆု ရရှိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့သည့် အောင်ပွဲရ ကချင်ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘော်လီ ဘောအသင်းအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ကချင်ပြည်နယ်၏ ဘော်လီအားကစားကဏ္ဍတွင် ဆုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော လက်ရွေးစင်အသင်း နည်းပြ၊ အုပ်ချုပ်သူနှင့် ကစားသမားများအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တတိယ ဆုရရှိခဲ့သော်လည်း မိမိတို့အနေဖြင့် ပထမဆုရရှိခဲ့သည်ဟု မှတ်ယူဂုဏ်ပြုသည့်အပြင် လက်ရွေး စင်အသင်း၏ စည်းလုံးမှု၊ ဇွဲ၊ လုံ့လနှင့် ကြိုးစားအားထုတ်မှုများကိုလည်းကောင်း၊ လေးနှစ်ဆက်တိုက်ရိုက်ခုတ်ဆု အကောင်းဆုံးရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည့် အသင်းခေါင်းဆောင် မနောမလေးကိုလည်းကောင်း အသိအမှတ်ပြုဂုဏ်ယူပါကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ လက်ရွေးစင်အသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများ၊ လာမည့်ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အောင်ပွဲရဘော်လီဘောအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၁၃၀) ကိုလည်းကောင်း၊ ပြည်နယ်လမ်းဦးစီးဌာနနှင့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းက ချီးမြှင့်ငွေကျပ်သိန်း (၅၀)ကိုလည်းကောင်း၊ ပြည်နယ်ရေနံရုံးနှင့် စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ချီးမြှင့်ငွေကျပ်သိန်း (၅၀)ကိုလည်းကောင်း၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် လုပ်ငန်းရှင်များကလည်း ချီးမြှင့်ငွေများကို အသီးသီးဂုဏ်ပြုချီးမြှင့် ခဲ့ကြပြီး အသင်းခေါင်းဆောင် မနောမလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဂုဏ်ပြုညစာကို အတူတကွ ရင်းနှီးစွာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)