စစ်တွေ ဇွန် ၁၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အားဖူးမြော်၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကွင်းပြပွဲကို ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့သွားရောက်ကြပြီး စာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အားဖူးမြော်ကာ သာသနာရေးဆိုင်ရာများလျောက်ထားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်ကြီးထံသို့ နဝကမ္မအလှူငွေ၊ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန် ဘောင်ပျိုးထောင်ခြင်း၊ စက်စိုက်ပျိုးထောင်ခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ခင်းအား ထယ်ထိုးမြေမြှုပ်ခြင်း ကွင်းပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ကွင်းပြပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးရန်အတွက် ဘောင်စနစ်ဖြင့်ပျိုးထောင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းများဖြင့် ထောင်ခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ခင်းအား ထယ်ထိုးမြေမြှုပ်ခြင်းတို့ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း(၆ ဒသမ ၅၄ )ဧကကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စနစ်ကျလယ်ယာမြေအဖြစ်ဖော်ဆောင်ကာ စနစ်ကျသောစိုက်ပျိုးရေး နည်းပညာများအား တောင်သူများနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများလေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ စနစ်ကျလယ်ယာမြေ ဆောင်ရွက်ခြင်းအားဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် စက်ကိရိယာများအသုံးပြုနိုင်ပြီး မိုးစပါးတစ်သီးသာမက ဆောင်းသီးထပ်အဖြစ် ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံများ စိုက်ပျိုးသွားနိုင်မည့်အပြင် ဆိုလာရေပေးစနစ်ဖြင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးထားသဖြင့် နွေစပါးသီးထပ်ပါ စိုက်ပျိုး သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရာတွင် နည်းပညာအရ လိုအပ်သောဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းနည်းစနစ်ကို ပြသသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင်အသုံးပြုသော ပျိုးဗန်းထောင်ခြင်းလက်တွေ့ဆောင်ရွက် ပြသသွားမည်ဖြစ်ကြောင်း၊ အလားတူမြေဆီလွှာအာဟာရဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေဩဇာ ကျွေးသည့်နည်းစနစ် များကို လက်တွေ့ပြသသွားမည်ဖြစ်ကြောင်း၊ ကွင်းပြပွဲသို့ တက်ရောက်လာကြသော တောင်သူများအနေဖြင့် ယခုပြသသည့်အချက်များကို စနစ်တကျလေ့လာ မှတ်သားပြီး စပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် လက်တွေ့လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ပတ်ဝန်းကျင်ရှိ တောင်သူများကိုလည်း ပြန်လည်မျှဝေပေးကြရန်ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကွင်းပြပွဲဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အကျိုးဆောင်တောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ စစ်တွေမြို့၊ အမှတ်(၁) စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ရန် မျိုးစေ့ချနေမှု၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းများဖြင့်ထောင်နေမှုနှင့် စက်မှုလယ်ယာဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ခင်းအားထယ်ထိုးမြေမြှုပ်ခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)