ပုဇွန်တောင် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါကျောင်းအင်အားသစ်ခန်းမ၌ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားလုံးက ကျောင်းကောင်စီသီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က အဖွင့်အမှာစကားပြောကြား၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌက ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းကို ဖတ်ကြားကြေညာပြီး ကျောင်းကောင်စီအဖွဲ့နှင့် ကျောင်းသား/ကျောင်းသူများက ကတိသစ္စာခံယူခဲ့ကြသည်။
ယင်းနောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က တာဝန်အထိမ်းအမှတ်အလံများပေးအပ်ရာ၊ သက်ဆိုင်ရာတာဝန်ရှိသူ ဆရာ/ဆရာမများက အသင်းအလိုက်လက်ခံရယူကြပြီး နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်