ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/သူများအနေဖြင့်  ဖြေဆို

ဝမ်းတွင်း ဇွန် ၁၇

ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်းကို  ဇွန်လ (၁၆) ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝမ်းတွင်းမြို့နယ်အနေဖြင့် စာစစ်ဌာန (၃) ခု ဖွင့်လှစ်ထားရှိပြီး အင်္ဂလိပ်စာဘာသာရပ်တွင်ဖြေဆိုသူ ကျောင်းသား/သူအနေဖြင့် ကျား (၄၄၂) ဦး၊ မ (၆၆၂) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၁၀၄) ဦး၊ ရာခိုင်နှုန်းအနေဖြင့်(၉၉.၇၃%)က ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဆောင်၍ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်လျက်ရှိသည်။ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)