နေပြည်တော် ဇွန် ၁၇
နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားရာတွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားသည့် Quick Win အစီအမံ(၅)ရပ်ကို စဉ်ဆက်မပြတ် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့်ကိုက်ညီသည့် အရေးယူမှုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့် ယာဉ်တိုက်ခိုက်မှုများကို လျှော့ချသွားနိုင်မည်ဆိုပါက နေပြည်တော်၏ ယာဉ်တိုက်ခိုက်မှုကိန်းဂဏန်းများ တဖြည်းဖြည်း ကျဆင်းသွားမှာဖြစ်ကြောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ပညာပေးခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရခြင်းဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့်လမ်းများတွင် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြသင်္ကေတများ ပြည့်စုံမှန်ကန်စွာထားရှိရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့နည်းပပျောက်သွားစေရေး ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ Quick Win အစီအမံ(၅)ရပ် ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုန်းချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)