ကျောင်းအခြေပြု ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး (နည်းပြ) သင်တန်းဖွင့်လှစ်

ရန်ကုန် ဇွန်လ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော ကျောင်းအခြေပြု ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး (နည်းပြ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် ကျင်းပရာ အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်မြသူက အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ အသင်းအလုပ်အမှုဆောင်နှင့်အတူ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းနှင့် တာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်လ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ စီမံချက်မြို့နယ် (၂) မြို့နယ်မှ ကြက်ခြေနီစေတနာ လုပ်အားရှင်များ၊ စီမံချက်ဝင်အခြေခံပညာကျောင်း (၈) ကျောင်းမှ ဆရာ/မများ တက်ရောက်လျက်ရှိသည်။

ဘေးအန္တရာယ်ကျရောက်လွယ်သော ဒေသများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်၊ ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို လေ့ကျင့်ထားပြီးသော ဆရာ/ဆရာမများမှ ကျောင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူများအား အသိပညာများ ထပ်ဆင့်မျှဝေပေးနိုင်ရန်နှင့် ကျောင်းတွင်းဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ကျောင်းဘေးကင်းလုံခြုံရေးအဖွဲ့တို့ကို ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)