မင်္ဂလာဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မင်္ဂလာဒုံ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို လက်တွေ့ကိုင်တွယ်အသုံးပြုနည်း သင်တန်းတက်ရောက်နိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူး‌ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းတက်ရောက်ရန်နှင့် ပတ်သက်၍ အစည်းအဝေးကို ခေါ်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ‌ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့စောလွင်က အီလက်ထရောနစ်မဲပေးစက် လက်တွေ့အသုံးပြုနိုင်စေရေး သင်တန်းတက်ရောက်သင်ကြားရန်နှင့် မဲရုံတာဝန်များ‌ ပေးအပ်နိုင်ရန်အတွက် သင်တန်းသားရရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီးနောက် အစည်းအ‌ဝေးသို့ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း‌ဆွေးနွေးခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဖြင့် မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ခြင်း၊ မဲရလဒ်များသည် မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မင်းသိန်းထွန်း