မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် သင်တန်းများ သင်တန်းဆင်းပွဲကျင်းပ

မန္တလေး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် သစ်သီးမျိုးစုံ ယိုထိုးနည်းသင်တန်း အမှတ်စဥ် (၁/၂၀၂၅)နှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက (မန္တလေး) လူငယ်သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇာနည်မောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ အိမ်တွင်းလျှပ်စစ်သင်တန်းတွင် ထူးချွန်ဆု ရရှိသည့် သင်တန်းသားနှစ်ဦးအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက်သစ်သီးမျိုးစုံ ယိုထိုးနည်းသင်တန်းနှင့် အိမ်တွင်းလျှပ်စစ် သင်တန်းတို့တွင် တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ၊ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ကော်မတီအတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇာနည်မောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ မန္တလေး လူငယ်သင်တန်းကျောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့် သင်တန်းသား/သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ သစ်သီးမျိုးစုံ ယိုထိုးနည်းသင်တန်းကို (၁၀)ရက်၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအား (၁)လကြာ စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို