ပြည်ထောင်စုဝန်ကြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ထမ်းများ၊ သင်တန်းသား/သူများနှင့် တွေ့ဆုံ၊ နပန်း၊ ကျွမ်းဘားအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်အား ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များမှ အားကစားနည်းအလိုက် မိတ်ဆက်ဂါရဝပြုပြီးအားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) နှင့် (၂) တို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဝန်ကြီးတို့မှ အမှာစကားပြောကြားရာတွင် မကြာသေးမီကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့စခန်းဝင်လေ့ကျင့်နေသည့် အားကစားအဖွဲ့များအတွက် စားသောက်ရေး/ နေထိုင်ရေးကိစ္စရပ်များ၊ သွား/လာရေးကိစ္စရပ်များနှင့် လေ့ကျင့်ရေးအဆင်ပြေစေရန်အတွက် အားကစားလေ့ကျင့်ရေး ကွင်း/ရုံများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးထားပါကြောင်း၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရက်ပေါင်း (၁၇၅) ရက်သာ လိုတော့သည့်အတွက် အုပ်ချုပ်/ နည်းပြများနှင့် ပဏာမလက်ရွေးစင်အားကစားသမားများက အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းအားအပြည့်ဖြင့် ကြိုးစားကြရန်လိုကြောင်း၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ နည်းပြဆရာများက ဆရာ့ကျင့်ဝတ်ငါးပါးနှင့်အညီ တပည့်များအပေါ် သားသမီးများသဖွယ် သင်ကြားပြသဆုံးမပေးရန် လိုအပ်သလို တပည့်များကလည်း တပည့်ကျင့်ဝတ်များနှင့်အညီ နည်းပြဆရာများရဲ့ သင်ကြားပြသဆုံးမမှုများကို လေးစားလိုက်နာကြိုးစားကြရန်လိုကြောင်း၊ ပြိုင်ဘက်နိုင်ငံများမှ မိမိနှင့်ယှဉ်ပြိုင်မည့် အားကစားသမားရဲ့ အခြေအနေကို အမြဲလေ့လာသိရှိ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေရန်လို ကြောင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရည်ရွယ်ချက်၊ ရည်မှန်းချက်အပြည့်ဖြင့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ အားကစားသမားကောင်းစိတ်ဓာတ်အပြည့်ဖြင့် နောက်ဆုံးအချိန်အထိ ဆင်ခြင်တုံတရားရှိစွာဖြင့် ကြိုးစားသွားကြရန်၊ နိုင်ငံတော်ကအားထားရတဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ် အမိနိုင်ငံတော်ကို ကျေးဇူးဆပ်နိုင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ စားရိပ်သာတွင် သင်တန်းသား/သင်တန်းသူများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံရှိ ဆေးခန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်း၌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံရာ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့မှ လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးမှ ယခင်တွေ့ဆုံပွဲ၌တင်ပြချက်များအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီးနောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဝန်ကြီးတို့မှ လမ်းညွှန်အမှာစကားပြောကြားရာ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်မြင်မှုဆုတံဆိပ်များ ရရှိနိုင်ရေးတို့သည် အဓိကကျပြီးလာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၌လည်း မျိုးဆက်သစ်အားကစားသမားများ ရရှိအောင် ယခုကတည်းက စနစ်တကျ ကြိုးစားလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ အခြေခံကောင်းသည့် မျိုးဆက်သစ်ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာအောင်ပညာရေးမှ ဆရာ/ဆရာမများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ဂရုစိုက်လုပ်ဆောင်ကြရန်လိုကြောင်း၊ အခက်အခဲရှိပါက တာဝန်ရှိသူများထံသို့ ချက်ချင်းသတင်းပို့ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က အားထားရသည့် ကြယ်ပွင့်ကလေးများ မွေးထုတ်ပေးနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပညာရေးကို အဆင့်မြင့်မြင့်အောင်မြင်ပြီး ပညာရေးထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားကြရန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လာမည့် နှစ်များ၌ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းပြိုင်ပွဲများ ပြုလုပ်ရန်ရှိကြောင်း၊ အားကစားအောင်မြင်မှုအတွက် ဆေးပညာရပ်နှင့် စိတ်ပညာရပ်ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံပြီး စိတ်ဓာတ်ကောင်းမွန်သည့် အားကစားသမားများ ဖြစ်ရန်လိုအပ်ကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် အပြုသဘောဆောင်ပြီး လုပ်ငန်းတာဝန်များကို တက်ညီလက်ညီ စုပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နပန်းအားကစားလေ့ကျင့်ရေးရုံသို့ ရောက်ရှိပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်လေ့ကျင့်နေသော ပဏာမလက်ရွေးစင်နပန်းအားကစားသမားများ သရုပ်ပြလေ့ကျင့်ကစားနေမှု၊ ကျွမ်းဘားအားကစားရုံ၌ အားကစားနည်းအလိုက် ပဏာမလက်ရွေးစင် ကျွမ်းဘားအားကစားသမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန်၊ အခြေခံနည်းစနစ်မှန်ကန်စွာဖြင့် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များနှင့် အညီလေ့ကျင့်ကစားကြရန်၊ အောင်မြင်မှုဆုတံဆိပ်များရရှိပြီး နိုင်ငံတော်ကို ကျေးဇူးဆပ်နိုင်ရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)