ကျောက်ဆည်မြို့နယ်၊ အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဆွေက အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှ လူမျိုးတင့်မည်၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း  အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေးနှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)