စဉ့်ကိုင် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်၊ လူအများအလယ်တွင်ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကိုရည်ရွယ်ကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ များ ကို ယနေ့နံနက် ၁ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်ကပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ဆက်လက်၍ အ.မ.က(သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား/သူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက်ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရှိရပြီး တက်ရောက်လာသော စာကြည့်တိုက်ကော်မတီဝင်များနှင့် ကျောင်းသား/သူများက အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)