တောင်ကြီး ဇွန် ၁၇
သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)၏ စတုတ္ထအကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် ဒုတိယအကြိမ်မြောက် သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲနှင့် အောင်လက်မှတ်ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုဖွင့်လှစ်သည့် သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၏ စတုတ္ထအကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ပထမနှစ်သင်တန်းသား (၁၂) ဦး၊ သင်တန်းသူ (၂၂) ဦး၊ ဒုတိယနှစ်သင်တန်းသား (၁၄) ဦး၊ သင်တန်းသူ (၁၀) ဦး စုစုပေါင်း (၅၈) ဦး တက်ရောက်ပညာသင်ကြားနေမှုကို တွေ့ရှိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဤသင်တန်းကျောင်းသည် ရပ်ဝေးမှလာသည့် သင်တန်းသားသင်တန်းသူများကို စားသောက်နေထိုင်ရေးစီစဥ်ပေးပြီး တစ်နှစ်လျှင် သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးအထိ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ တောင်ကြီးသင်တန်းကျောင်းအပြင် မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်စသည့်မြို့ကြီးများတွင်လည်း တစ်ပြိုင်နက် ဖွင့်လှစ်သင်ကြားလျှက်ရှိပါကြောင်း၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက် (၂) ရပ်ထားရှိပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန်နှင့် ထူးချွန်သောသင်တန်းသား၊ သင်တန်းသူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်ရန်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဤသင်တန်းမှ သမဝါယမကောလိပ်သို့ ပေါင်းကူးရရှိသူများမှာ ၂၀၂၃ - ၂၀၂၄ပညာသင်နှစ်တွင် (၅) ဦးနှင့် ၂၀၂၄ - ၂၀၂၅ပညာသင်နှစ်တွင် (၄) ဦး၊ စုစုပေါင်း(၉)ဦးရှိပါကြောင်း ယခုသင်တန်းတက်ရောက်ပြီးဆုံးပါက အောင်မြင်သူများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ ဆိုင်ရာညွှန်ကြားမှုအဖွဲ့(B.O.D)မှ Certificateတက်ရောက်ယူမည့် သူ(၃၃)ဦးအနက် (၄)ဦးမှာ မန္တလေးသမဝါယမကောလိပ်သို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိပြီး အဆင့်မြှင့်စာရင်းရေး၊ စာရင်းကိုင်ဘာသာရပ်များကို ဆက်လက်သင်ကြားလေ့လာခွင့် ရရှိသွားပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယအကြိမ်မြောက် သင်တန်းမှသင်တန်းသား၊ သင်တန်းသူများအနက် သမဝါယမကောလိပ်သို့ ပေါင်းကူးတက်ရောက်ခွင့်ရသော သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်နှင့် ဒုတိယအကြိမ်မြောက် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်များ၊ သင်တန်းသားအတွက်ချီးမြှင့်ငွေများ၊ ဆန်အိတ်များတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ ရှမ်းပြည်သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ သင်တန်းကျောင်းအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးသင်တန်းကျောင်းမှ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနုတ်ဆက်၍ သင်တန်းအထောက်အကူပြုပစ္စည်းများ ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)