မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဇွန် ၁၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ပြန်လည်ကျင်းပစစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရမည်းသင်းခရိုင်အတွင်း သတ်မှတ်စာဖြေဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

ထိုသို့လိုက်လံကြည့်ရှုရာတွင် ရမည်းသင်းမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (သိမ်ကုန်း)၊ ပျော်ဘွယ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်း၊ မိတ္ထီလာမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ရောက်ရှိပြီး  စာဖြေခန်းများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများ၊ ပျော်ဘွယ်မြို့ ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ သီးသန့်စာဖြေခန်း၌ စာမေးပွဲဖြေဆိုနေမှုကို လည်းကောင်းလိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

မန္တလေးတိုင်းဒေသ ကြီးအနေဖြင့် မြို့နယ် ၂၅ ခုတွင် စာစစ်ဌာန ၁၀၁ ခု ဖွင့်လှစ်ထားပြီး ယနေ့ မြန်မာစာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ၃၃၇၈၈ ဦး (ဖြေဆိုသည့် ရာခိုင်နှုန်း ၉၈.၆၈ ရာခိုင်နှုန်း) ရှိခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာရှိ တောင်သူဦးခင်မောင်ထွေး၏ အောင်နိုင်တိုးနွေစပါးစိုက်ခင်းသို့ သွားရောက်ပြီး တောင်သူများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ စိုက်ပျိုးရှင်သန်ဖြစ်ထွန်းနေမှုနှင့် စံကွက်ရိတ်သိမ်းပြသမှုတို့ကို ကြည့်ရှုခဲ့သည်။

ဆက်လက်၍ မိတ္ထီလာမြို့ ပညာရေးဒီဂရီကောလိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ အဝင်အထွက်လမ်းများ၊ မြေယာရှုခင်းများ ပြုပြင်နေမှု၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်