ပျဉ်းမနား ဇွန် ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုသည့် စာစစ်ဌာနများဖြစ်သော ပျဉ်းမနားမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနများသို့ အဆင်ပြေချောမွေ့စွာ လာရောက်နေမှု၊ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင် ဆူညံမှုမရှိစေရေး၊ သွားလာမှုအဆင်ပြေစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အလေးထားဆောင်ရွက်စေရေး၊ စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာစစ်ဌာနများတွင် အနှောင့်အယှက်နှင့် အခက်အခဲများ မရှိစေရေးအတွက် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေးမှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမဝင်းအတွင်း ကျင်းပပြုလုပ်သော အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး သရုပ်ပြသပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိ အမှိုက်များခွဲခြားစွန့်ပစ်ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကို “GREEN CITY ၊ CLEAN CITY ၊ SMART CITY” ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မြို့တော်၏ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် စျေးများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ပြည်သူလူထုများနှင့် လူစည်ကားရာနေရာများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အမှိုက်ပုံးများအား သတ်မှတ်အရောင်အတိုင်း အမှိုက်ပုံးလေးပုံးဖြင့် ထားရှိဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော် သန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန်နှင့် မြို့ရွာများအတွင်း ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်အိမ်ချင်း၊ တစ်ဦးချင်းအလိုက် ကိုယ်တိုင်သန့်ရှင်းရေး ဆောင်ရွက်သည့် အလေ့အထများရှိရန်လိုကြောင်းနှင့် မြို့ရွာများအတွင်း လမ်းဘေးဝဲယာ ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေးတို့ကို ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်ပြီး မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့်ပရိဝုဏ်များ ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ Cement grouting ဆောင်ရွက်နေမှုများ၊ Soil stabilization လုပ်ငန်းဆောင်ရွက်နေမှုများ၊ Backhoe breaker ဖြင့် မူလရင်ပြင်တော် ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး စေတီတော်ကြီးပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်မှ ရသင့်ရထိုက်သောအခွန်များ အပြည်အဝကောက်ခံရရှိရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အခွန်ရရှိရေးဟာ အရေးကြီးကြောင်း၊ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ အလေးထားပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခွန်အသိပညာပေးလုပ်ငန်းများကို အမြဲတ်မပြတ် ဆောင်ရွက်ရန်နှင့် အခွန်ထမ်းအသစ်များ၊ အခွန်နယ်ပယ်အသစ်များ၊ ဖော်ထုတ်ချဲ့ထွင်ကောက်ခံသွားရန်လိုအပ်ကြောင်း၊ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များတွင် ပြေစာများ၌ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ကောက်ခံမှုရှိမရှိ အမြဲမပြတ် စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခွန်ရှောင်ခြင်းများမရှိစေရေးနှင့် အခွန်ထမ်းဆောင်ခြင်းသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ကို အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်းများအား အပိုင်းလိုက်၊ အခန်းလိုက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ငလျင်ပြင်းအား (၈) ရစ်ခ်ျတာစကေးခံနိုင်ရည်ရှိအောင် ပြုပြင်နိုင်ရေး၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရေး၊ မျက်မြင်ပျက်စီးမှုမရှိသည့် အစိတ်အပိုင်းများအား ရေရှည်ခံနိုင်ရည်နှင့် စိတ်ချမှုရှိမရှိ အသေးစိတ်စစ်ဆေး ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက် နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ သပြေကုန်းဈေးသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေး၊ ဈေးများပုံမှန် လည်ပတ်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ဈေးအတွင်းရှိရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေအောင် ရှင်းလင်းဆောင်ရွက်ထားရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)