ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး

ဘားအံ ဇွန် ၁၆

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အခြားသောစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ ကွင်းအမှတ် (၁၄၁၈-ဃ) တောင်သူဦးလှဝင်း၏ စပါးစိုက်ခင်းအတွင်း မိုးစပါးစိုက်ပျိုးရန်မြေပြုပြင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဓာတ်မြေဩဇာသုံးစွဲမှုကိုလျော့ချ၍ ကုန်ကျစရိတ်သက်သာပြီး ရေရှည်တွင် မြေဆီဩဇာကောင်းမွန်စေသော သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ် အစားထိုးသုံးစွဲလာစေရန် စူပါဘိုကာရှီမြေဆွေးပုံပြုလုပ်သုံးစွဲနည်းကိုလက်တွေ့ပြုလုပ်ပြသပြီး တောင်သူများ၏မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြား၍ ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တောင်သူဦးလှဝင်း၏ စပါးစိုက်ခင်းအတွင်း ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှု လယ်ယာစခန်း (ဘားအံ) ၏ Kubota 50 ထွန်စက်ကြီး ၃ စီးဖြင့် မိုးစပါးစိုက်ပျိုးရန် မြေယာပြုပြင်ခြင်း၊ Kubota ခြောက်တန်းသွားကောက်စိုက်စက် ၂ စီးဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကြားပေါင်းလိုက်ကိရိယာ ၁၃ စီးဖြင့် စိုက်ပျိုးပြီး မိုးစပါးစိုက်ခင်းများအတွင်း ကြားပေါင်းလိုက်ခြင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာကို အချိုးကျရောစပ်၍ ကြဲ ပက်ကွင်းသရုပ်ပြခြင်းကို ထီလုံ၊ သမ္ဘာန်၊ နောင်သငဲ့၊ သပုထိုကျေးရွာများမှ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြစ်ပေါ်ပြောင်းလဲနေသည့်ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး၊ သီးထပ်၊ သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအုပ်စု၊ ရွာသာအေးမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူတောင်သူများနှင့်တွေ့ဆုံရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက မွေးမြူရေးဇုန်၏အချက်အလက်များ၊ မွေးမြူထားရှိမှုနှင့် ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဇုန်ကော်မတီဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဇုန်အတွင်းမွေးမြူထုတ်လုပ်မှုနှင့်အကျိုးအမြတ်ရရှိမှုနှင့်အခြေခံလိုအပ် ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံရေးပိုလျှံရေးဇုန်အတွင်း ဝက်နှင့်ကြက်တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး စီမံချက်ရေးဆွဲတင်ပြရန် တာဝန်ရှိသူများအား မှာကြားကာ မွေးမြူရေးတောင်သူများအား တိရစ္ဆာန်သုံးဆေးဝါးများနှင့်အာဟာရဆားခဲများကို အခမဲ့ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွာသာအေးမွေးမြူရေးဇုန်အတွင်းရှိ တောင်သူဦးစိုးခိုင်ဦး၏ ဒေသနွားမွေးမြူရေးခြံ၊ တောင်သူဦးကျောက်သန်း၏ အသားတိုးဝက်မွေးမြူရေးခြံ၊ တောင်သူဦးညွန့်စိန်၏ ဥစားကြက်ခြံတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)