ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ်(၁၄)သင်တန်းဖွင့်ပွဲ ကျင်းပ

ဟိုပုံး ဇွန် ၁၆

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံသားကောင်းပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၄) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက် နံနက် (၈) နာရီက ကျင်းပရာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းမှ တာဝန်ရှိသူများ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၄) သင်တန်းသားများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးက သင်တန်းအဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ဘုရင့်နောင်ခန်းမတွင် အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က နိုင်ငံသားကောင်းများအား ဝမ်းမြောက်စွာကြိုဆိုကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်း ဖွင့်လှစ်ရခြင်း၊ ခေါ်ယူရခြင်းအကြောင်းများ၊ သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း၊ ပြည်သူစစ်မှုထမ်းသင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)