ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနမှ ကြီးမှူး၍ ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အမှတ် (၃၅) အ.မ.ကကျောင်း၌ စနေနေ့အထူးသန့်ရှင်းရေးဆောင်ရွက်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနမှ ခရိုင်မှူး Drအောင်ကိုဦး ဦးဆောင်၍ ဝန်ထမ်းများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပညာပေးပိုစတာများပေးဝေခြင်း၊ ကိုဗစ်-၁၉ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
ထိုနေ့နံနက် ၉ နာရီအချိန်တွင် ဆက်လက်၍ သာကေတမြို့နယ် ၂/တောင်ရပ်ကွက်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သဒ္ဒါရုံအိမ်ရာဝင်းအတွင်းတွင် သွေးတိုး၊ ဆီးချိုရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနမှ ဌာနခွဲမှူး ဒေါက်တာအောင်ကိုဦးက ကျန်းမာရေးအသိပညာများအကြောင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဝန်ထမ်း(၁၅)ဦးနှင့် ဝန်ထမ်းမိသားစု(၄၀)ဦး စုပေါင်း(၅၅)ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများစုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနမှ ဌာနခွဲမှူး ဒေါက်တာအောင်ကိုဦး ဦးဆောင်သည့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ စက်ရုံလမ်း၊ မအူကုန်းစည်ပင် ၀န်ထမ်းအိမ်ရာဝင်းအတွင်းရှိ အရာရှိတိုက်များ၊ အမှုထမ်းတိုက်များ၊ ၂ ထပ်လိုင်းခန်းများတွင် နေထိုင်သောဝန်ထမ်းများ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကိုဗစ် (၁၉) ရောဂါကာကွယ်ရေးအတွက် ပညာပေးလက်ကမ်းစာစောင်ပေးဝေခြင်းတို့ကို သက်ဆိုင်ရာအိမ်ရာဝင်း တာ၀န်ရှိသူများနှင့်အတူ ထိုနေ့၌ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ပြုလုပ်ပေးခဲ့ပါကြောင်း တာဝန်ရှိသူထံမှ သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)