မြိတ် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ) မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၁၅၇၄) အတွက် (၁) ဧကအထွက်နှုန်းတိုးစေရန် သမဝါယမအသင်းသား တောင်သူများအား ကျပ်သန်း (၃၁၄.၈) နှင့်ညီမျှသောမျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲကို ဇွန်လ (၁၆) ရက် နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက မျိုးစပါးသွင်းအားစုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု ဒု-ဥက္ကဋ္ဌ ဦးထွန်းမင်က သမဝါယမအသင်းသား၊ တောင်သူများ၏ မိုးစပါးစိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း (၆) သင်းမှ အသင်းသားတောင်သူ(၁၅၃)ဦး၏ မိုးစပါးစိုက်ပျိုးဧက(၁၅၇၄)အတွက် ကျပ်သန်း (၃၁၄.၈) နှင့် ညီမျှသော မျိုးစပါး (၂၇၇၂) တင်း၊ သဘာဝဓာတ်မြေဩဇာ (၅၄၇) အိတ်၊ ပုလဲဓာတ်မြေဩဇာ (၂၄၄) အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၃၅၈) အိတ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများအား အသီးသီး ပေးအပ်ကြရာ အသင်းသားတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)