ဥတ္တရသီရိ ဇွန် ၁၆
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
ဥတ္တရသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာ၊ အခြေခံပညာအထက်တန်းကျောင်း ကျွဲရှင်း၊အခြေခံပညာအထက်တန်းကျောင်း မင်းကုန်း၊ အခြေခံပညာအထက်တန်းကျောင်း တောင်ညို၊ အခြေခံပညာအထက်တန်းကျောင်း မိုးစွေနှင့် အခြေခံပညာအထက်တန်းကျောင်း သရက်တော စသည့် စာစစ်ဌာနခုနှစ်ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၁၀၉၇ ဦး စာရင်းပေးသွင်းထားပြီး ကျောင်းတွင်းနှင့် အပြင်ဖြေ ၁၀၉၃ ဦးဖြေဆိုကာ ၄ ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူဦးရေ ၉၉ ဒသမ ၆၄ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)