လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို ဇွန် ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာခြင်းကြောင့် ကြုံတွေ့နိုင်သောအန္တရာယ်များ၊ ခြေလျင်လျှောက်သူများလိုက်နာရန်၊ စက်ဘီးစီးသူများ လိုက်နာရန် စည်းကမ်းများအကြောင်း၊  မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် (ကား)  ယာဉ်မောင်းများ လိုက်နာရန်စည်းကမ်းများအကြောင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေဆိုင်ရာများအား  အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ ကားမောင်းနေစဉ် ဖုန်းပြောနေတာရပ်ပါ၊  ရပ်မျဉ်းကျော်၍ ရပ်ခြင်း၊ သတိပေးကာတွန်းပုံများစသည့် အသိပညာပေးအကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်ကိုပြသရာ ဒေသနေပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်