နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးနှင့် ဆီထွက်သီးနှံများအတွက် သွင်းအားစုများပေးအပ်ပွဲ တက်ရောက်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော် ဇွန် ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်‌ဝေးမြို့နယ်၊ ဝင်တဲကူးကျေးရွာ ရွာဦးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဝင်တဲကူးကျေးရွာအုပ်စု၊ သစ်တောကျေးရွာသို့ သွားရောက်ပြီး အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးနှင့် ဆီထွက်သီးနှံများအတွက် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ မျိုး၊‌ မြေ၊ ရေ၊ နည်းနည်းလမ်းများနှင့်အညီ စိုက်ပျိုးရေး၊ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့မွေးမြူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် တောင်သူများ၏ သား သမီးများ တက်ရောက်ပညာသင်ကြားနိုင်ရေး၊ ကျေးရွာအတွင်း သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများအား သတ်မှတ်အရောင်များဖြင့် ထားရှိရေးတို့ကို မှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သွင်းအားစုများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်သူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်စရိတ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော စာသင်ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ကျီးဖြူရိုးကျေးရွာသို့ သွားရောက်ပြီး ရွာဦးကျောင်းတိုက်ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ  နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)