တောင်ဥက္ကလာပ ဇွန် ၁၅
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန် တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ် (abate) ဆေးခပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျန်းမာရေး အသိပညာပေးပြောကြားခြင်း၊ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်းပြန်/ဆက်)