ဒဂုံတောင် ဇွန် ၁၅
ကျောင်းသား/ကျောင်းသူများ အာဟာရပြည့်ဝသော အစာအာဟာရ ရရှိစေရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းမုန့်ဈေးရောင်းချနေသော မုန့်ဈေးသည်များကို ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer Comirnaty JN.1) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်အချက်များ၊ ကျောင်းကျန်းမာရေး စစ်ဆေးရာတွင် စစ်ဆေးချက်ပုံစံများဖြင့် စစ်ဆေးမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆိုင်များအား ပိတ်သိမ်းရမည်ဖြစ်ကြောင်းတို့အား အသိပညာပေးဟောပြောသည်။
ထို့နောက် လက်ထောက်ကျန်းမာရေးမှူး ဒေါ်တင်မာမြင့်က သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ လက်ထောက်ကျန်းမာရေးမှူး ဦးရဲမြတ်ထွန်းမှ အသင့်စားအစားအသောက်များနှင့် မကူးစက်နိုင်သော ရောဂါများအကြောင်း၊ E-Cigarretနှင့်Vape ဆိုးကျိုးများအကြောင်းနှင့် အထက်တန်းသူနာပြု ဒေါ်မမြဝင်းက တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စနစ်မှန်လက်ဆေးနည်းစနစ် စသည်တို့ကို ဟောပြောပေးကြပြီး တက်ရောက်လာကြသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး (Pfizer Comirnaty JN.1) ထိုးနှံပေးခြင်း စသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများအား ဆောင်ရွက်ကြကြောင်း သိရသည်။
သန်းသန်းအေး