အင်းစိန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဈေးများ၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများ ထားရှိမှုနှင့် အမှတ် (၄) လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေးတွင် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့်ပလတ်စတစ် အမှိုက်ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများ ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စွန့်ပစ်အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် စက္ကူအပိုင်းအစ၊ စက္ကူ အိတ်နှင့် ကတ်ထူများကဲ့သို့သော အမှိုက်ခြောက်၊ စားကြွင်းစားကျန်များကဲ့သို့သော အမှိုက်စို၊ ဖန်၊ သံဘူးနှင့် သတ္ထုဘူးများ ကဲ့သို့သော အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်ဘူး/ခွက်/အိတ်များ ကဲ့သို့သော ပလတ်စတစ် အမှိုက်များကို ခွဲခြားစွန့်ပစ်နိုင်ရေး ခရိုင်/မြို့နယ်အလိုက် တာဝန်ရှိသူများမှ အသိပညာပေး ဆောင်ရွက်သွားရန်နှင့် အမှိုက်ပုံများ စနစ်တကျ ထားရှိဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ရတနာသီရိဈေးတွင် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး ဈေးအတွင်း ဈေးရောင်းချနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရွှေပြည်သာ မြို့နယ်၊ အမှတ် (၄) လမ်းမကြီး တစ်လျှောက် လမ်းဘေး ဝဲ/ယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေစီးရေးစီမံခန့်ခွဲမှု)က စက်ယန္တရားများဖြင့် နုန်းများဆယ်ယူရှင်းလင်းနေမှု၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်စေရေး ချုံနွယ်၊ မြက်ပင်များ ရှင်းလင်းနေမှု၊ လူသွားစင်္ကြန်ဆောင်ရွက်နေမှုနှင့် လမ်းလယ်တုံးများ တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)