လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးတရားတော်နာ အလှူမင်္ဂလာနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

မြိတ် ဇွန် ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းမိသားစုများ၏ ဆွမ်ကျွေးတရားတော်နာအလှူမင်္ဂလာကို ယနေ့နံနက်ပိုင်းက မြိတ်မြို့ ကလွင်ရပ် သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ မြိတ်ခရိုင်ဦးစီးမှူး ဦးအောင်မြင့်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက သဒ္ဒမ္မပဇ္ဇောတာရုံ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြ၍ ပရိတ်တရားတော်များ နာယူကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်းကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ ယင်းနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသည်။

ဆက်လက်၍ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးအဖြစ် အဆင့်မြင့်ပညာ (၁) ဦးကို (၆၀၀၀၀) ကျပ်၊ အထက်တန်း (၄) ဦးကို (၄၀၀၀၀) ကျပ်စီနှင့် အလယ်တန်း (၁) ဦးကို (၃၀၀၀၀) ကျပ်နှင့် မူလတန်း (၂) ဦးကို (၂၀၀၀၀) ကျပ်စီကို မြိတ်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများက အသီးသီး ချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)