မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေးနှင့်  ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ကော်မတီအစည်းအဝေးကို ဇွန်လ (၁၄) ရက်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးနှင့်  ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေးနှင့် အဆိုပါအခမ်းအနားတွင် အမျိုးသမီးများ၏အခွင့်အရေး တန်းတူညီမျှရရှိစေရေးအတွက် အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများတွင် ထူးချွန်သည့်အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး၊ အခမ်းအနားကို အရှိန်အဟုန်မြှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ECCD ကော်မတီဝင်များဖြင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ တည်ထောင်ခွင့်ပြုမိန့်မရရှိဘဲ ဖွင့်လှစ်ထားရှိသော ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား အသိအမှတ်ပြုတည်ထောင်ခွင့်ပြုမိန့် လျှောက်ထားနိုင်ရေး စစ်ဆေးသွားရန်၊ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားနိုင်ရေးအတွက် နှိုးဆော်သွားရန်၊ တည်ထောင်ခွင့်ပြုမိန့် ရရှိထားသောကျောင်းများအား သက်တမ်းမကုန်မီ သက်တမ်းတိုးများလျှောက်ထားနိုင်ရေးအတွက် အသိပေးခြင်းများပြုလုပ်သွားရန်၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား မူကြိုကျောင်းများတွင် ECCD သင်တန်းမရရှိသေးသည့် ဆရာ/ဆရာမများအား ECCD သင်တန်းများတက်ရောက်နိုင်ရေး၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် အချိန်နှင့်တပြေးညီဆောင်ရွက်ကြရန်၊ ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် ကော်မတီဝင်ဌာနဆိုင်ရာများအနေဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြလိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းမှ ကော်မတီ (၂) ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ကော်မတီ (၂) ရပ်တွင် ပါဝင်သည့် ဌာနဆိုင်ရာများမှ မိမိတို့ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက နိဂုံးချုပ်အမှာစကားပြောကြားကာ ကော်မတီများတွင်ပါဝင်သည့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်