တနင်္သာရီ ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့ မိသားစုဝင် ကျောင်းသူ/သား(၂၈)ဦးတို့အား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ချီးမြှင့်ငွေ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တနင်္သာရီမြို့မရဲစခန်း အစည်းအဝေးခန်းမအတွင်း ကျင်းပရာ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းအောင်နှင့် အရာရှိများ/အခြားအဆင့် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ မိသားစုဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုကျောင်းသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်က အမှာစကားပြောကြားရာ၌ ကျောင်းသူ/သားများဟာ နိုင်ငံ့ရဲ့အနာဂတ် ခေါင်းဆောင်လောင်းများဖြစ်တဲ့အတွက် ကျောင်းသူ/သားများက ပညာကြိုးစား၍ ထူးချွန်ထက်မြက်မှသာလျှင် မိမိနိုင်ငံနှင့်လူမျိုးဟာ ကမ္ဘာ့အလယ်တွင် ဝင့်ဝင့်ကြွားကြွား ရပ်တည်နိုင်မှာဖြစ်တဲ့အတွက် ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလူငယ်များ ပေါ်ထွန်းလာအောင် ကြိုးစား အားထုတ်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ဝင်မိသားစုထဲမှ အဆင့်မြင့်ပညာကျောင်းသူ/သား (၄) ဦးတို့အား မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်တို့က တစ်ဦးလျှင် (၄၀,၀၀၀) ကျပ်စီဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ကျောင်းသူ/သား (၈) ဦးတို့အား တစ်ဦးလျှင် (၁၅,၀၀၀) ကျပ်နှုန်း၊ အလယ်တန်းအဆင့် ကျောင်းသူ/သား (၅) ဦးအား တစ်ဦးလျှင် (၁၂,၀၀၀) ကျပ်နှုန်း၊ မူလတန်းအဆင့် ကျောင်းသူ/သား (၁၁) ဦးအား တစ်ဦးလျှင် (၁၀,၀၀၀) ကျပ်နှင့် စာရေးကိရိယာများ ကိုလည်းကောင်း၊ ရဲအုပ်နိုင်စိုးဦးနှင့်တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)