ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အင်းစိန် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ လှော်ကား ရေဝေရေလဲဒေသအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများ၊တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ မိုးရာသီကာလကို ရောက်ရှိလာသည့်အတွက် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူပြုစေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံစီးပွားရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး သစ်ပင်သစ်တောများ ရှင်သန်ဖွံ့ဖြိုးအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးကို ဖန်းတီးပေးကြရန်၊ တိုင်းဒေသကြီးတစ်ခုလုံး သစ်ပင်ပျိုးပင်များကို ပြုစုပျိုးထောင်စိုက်ပျိုးကြရန်၊ သစ်ပင်များ စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုကို ထိန်းသိမ်းရန်အတွက် စိုက်ပျိုးခြင်းဖြစ်ပြီး သဘာဝက ပေးထားသော စိမ်းလန်းစိုပြည်မှုများကို လူများကြောင့် ထိခိုက်လျော့နည်းအောင် လူများကပင် ပြန်လည် ထိန်းသိမ်း ဖန်တီးပေးရမည်ဖြစ်ကြောင်းစသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများ၊တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျွန်း (၉၀၀၀) ပင်၊ ပျဉ်းကတိုး (၄၃၀၀) ပင်၊ မဟော်ဂနီ (၅၀၀၀) ပင်၊ သရက် (၂၅၀) ပင်၊ ပိန္နဲ (၂၅၀) ပင်၊ ဒူးရင်း (၂၀၀) ပင် စုစုပေါင်း (၁၉၀၀၀)ပင် တို့ကို စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက စွန့်ပစ်အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် စက္ကူအပိုင်းအစ၊ စက္ကူ အိတ်နှင့် ကတ်ထူများကဲ့သို့သော အမှိုက်ခြောက်၊ စားကြွင်း စားကျန်များ ကဲ့သို့သော အမှိုက်စို၊ ဖန်၊ သံဘူးနှင့် သတ္ထုဘူးများကဲ့သို့သော အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်ဘူး/ ခွက်/ အိတ်များ ကဲ့သို့သော ပလတ်စတစ်အမှိုက်များကို ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ပြောကြားပြီး စနစ်တကျစွန့်ပစ်နိုင်ရေး ပြသထားသည့် အမှိုက်ပုံးများကို တက်ရောက်လာသူများက လေ့လာနေမှုများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)