​​​​​​​မြိတ်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြိတ် ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ဇွန်လ (၁၄) ရက်နေ့ နံနက်ပိုင်းက ကန်ကြီးရပ်ကွက် ကမ်းနားလမ်းရှိ သစ်ယာဝရေဆင်း တံတား၌ မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် ပထမဦးစွာ သစ်ယာဝရေဆင်းတံတားအရှေ့ တနင်္သာရီမြစ်ရေပြင်အတွင်း စက်လှေ (၁) စီးတိမ်းမှောက်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့သည်နှင့် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇင်ထွန်း ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့သည် မိတ်ဖက်အဖွဲ့အစည်းများအား အကြောင်းကြားပြီး ရှာဖွေကယ်ဆယ်ရေးရေယာဉ်များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ရေနစ်မြှုပ်နေသူများအား ရှာဖွေကယ်ဆယ်၍ အသက်ကယ်လှေများပေါ်တွင် ရှေးဦးပြုစုခြင်းအသက်ရှူအား ကူနည်းပြုလုပ်ပေးရင်း ကမ်းနားသို့ သယ်ဆောင်လာကြသည်။

ထို့နောက် ရေဆင်းတံတားတွင် လူနာများအား မြေပြင်အသက်ကယ်အဖွဲ့မှ လက်ခံရယူပြီး   ရှေးဦးပြုစုခြင်းကို ဆက်လက်ဆောင်ရွက်ပြီး လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီး သတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များက မြိတ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ လူနာတင်ယာဉ် (၂) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ် (၂) စီး၊ ရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ် (၁) စီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ် (၁) စီး၊ လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ် (၅) စီးတို့ဖြင့်  ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်မှုကို မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် ရေလမ်းသွားခရီးသွားများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်မှု အပြီးတွင် မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)