မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် (၁၆)မိုင်စစ်ဆေးရေးဂိတ်၊ မြစ်ငယ်-ထုံးဘိုလမ်း၊ တံတားဦးလမ်းပိုင်းတို့ကို ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယ‌နေ့နံနက်ပိုင်းက (၁၆)မိုင်စစ်ဆေးရေးဂိတ်၊ မြစ်ငယ်-ထုံးဘိုလမ်း၊ တံတားဦးလမ်းပိုင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ် (၁၆)မိုင်စစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး Oriental Highway ဆောက်လုပ်ရေးကုမ္ပဏီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပိုင်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၁၆ မိုင်မှ ၁၃မိုင်/၄ဖာလုံကြားနှင့် တိုးဂိတ်အနီး ဝန်းကျင်တို့တွင် အများပြည်သူအသုံးပြုသည့် လမ်းမကြီးပေါ်တွင် ဖုန်ထခြင်း ရေဝပ်ခြင်းများ၊ ရေတင်ခြင်းများမဖြစ်ပေါ်စေရေး၊ မြင်ကွင်းလှပကောင်းမွန်စေရေး၊  ရေစီးရေလာကောင်းမွန်စေရန်လမ်းဘေးဝဲယာတစ်လျှောက် ရေနုတ်မြောင်းဖောက်လုပ်ခြင်း၊ ချက်ချင်းဆောင်ရွက်၍  ရသည့် လုပ်ငန်းများကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ လမ်းပိုင်းအလိုက်၊ ကဏ္ဍအလိုက်လုပ်ငန်းများ၊ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၂၅ မိုင်နေရာတွင် အရိပ်ရသစ်ပင်ကြီးများစိုက်ပျိုးသွားရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ လမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ငယ်-ထုံးဘို တိုးဂိတ်သို့ရောက်ရှိပြီး ဌာနဆိုင်ရာများနှင့် သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်ကြောရှုပ်ထွေးမှုများမဖြစ်ပေါ်စေရေး၊ ယာဉ်စစ်ဆေးခြင်းများ စနစ်တကျဖြစ်စေရေး၊ အမြင်သင့်တယ်သန့်ရှင်းသာယာလှပရေး၊ လမ်းမကြီးပေါ်တွင် ရေဝပ်ရေတင်ခြင်းများမရှိစေရန် ရေနုတ်မြောင်းစနစ်များကောင်းမွန်စေရေး၊ လမ်းဘေးဝဲယာ မလွတ်ကင်းသည့်ဈေးဆိုင်များ မရှိစေရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ လမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(အုန်းချော)သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ပလိပ်)သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းများ၊ အရန်စာဖြေခန်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုသွားနိုင်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်မည့် ကျောက်ဆည်-တံတားဦးလမ်း မိုင်တိုင် ၁၆/၆မိုင် မှ ၁၉/၇မိုင် (၂မိုင်-၆ဖာလုံ) မူလ၁၂ပေ အကျယ် မှ ၁၈ပေအကျယ်တိုးချဲ့ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)