ထားဝယ် ဇွန် ၁၄
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးနှင့် တာဝန်ရှိသူများက ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများနှင့် ကျောင်းသား/သူများတို့အား သစ်ပင်ပျိုးပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က ပျိုးပင်များအား စတင်စိုက် ပျိုးပေးပြီးထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား/သူများတို့က ထားဝယ်တက္ကသိုလ်ဝင်းအတွင်းရှိ လျှောက်လမ်းနံဘေးတွင် ပျိုးပင်အမျိုးအစား (၃)မျိုး စုစုပေါင်းပျိုးပင် (၉၄)ပင်အား တပျော်တပါးစုပေါင်းစိုက်ပျိုးပေးပြီး တာဝန်ရှိသူများက သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
“သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်း” စသည့် ဆောင်ပုဒ်များနှင့်အညီ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း၌ ကံ့ကော်၊ ခရေ၊ စက္ကူပန်းပင်နှင့် အခြားပျိုးပင်များအား စိုက်ပျိုးပေးခဲ့ကြသည်။
ထားဝယ်ခရိုင်အတွင်းရှိသစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် မိုးရာသီလူထုဖြန့်ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တက္ကသိုလ်၊ သင်တန်းကျောင်းများနှင့် ဒေသခံပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါက ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)