မင်္ဂလာဒုံ ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များနှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲနှင့် စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာကြည့်တိုက်များအား ပညာဘဏ်တိုက်စာကြည့်တိုက်သဖွယ် ဖြစ်လာစေရန်နှင့် စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာစာကြည့်တိုက်ကော်မတီဝင်များက စိတ်အားထက်သန်စွာပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်အတွက် စာကြည့်တိုက်မှူးများအနေဖြင့် မိမိစာကြည့်တိုက်များသို့ လှူဒါန်းပေးသော စာအုပ်စာစောင်များနှင့် ပရိဘောဂပစ္စည်းများကို စနစ်တကျမှတ်တမ်းရေးသွင်း ထိန်းသိမ်းပေးစေလိုကြောင်း၊ စာကြည့်တိုက်များရှင်သန်ခြင်းသည် မိမိရပ်ရွာအတွက် မင်္ဂလာတစ်ပါးဟုခံယူပြီး စာကြည့်တိုက်ကော်မတီဝင်များက စဉ်ဆက်မပြတ်ဝိုင်းဝန်းကူညီဆောင် ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးသီဟဘော်ဇံက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ စာဖတ်ရှိန်မြင့်မားရေးကဏ္ဍတွင် ပြည်သူအားလုံးပါဝင်ပြီး ပြည်သူများစာပေဖတ်ရှုခြင်းကြောင့် အကျိုးကျေးဇူးများစွာ ဖြစ် ထွန်းလာစေနိုင်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပေါက်ကုန်းရပ်ကွက် အလင်းရောင်စာကြည့်တိုက်၊ ပုလဲကျေးရွာ ပုလဲငွေရောင်စာကြည့်တိုက်နှင့် လေးထောင့်ကန်ကျေးရွာ ငွေလဝန်းစာကြည့်တိုက်တို့အတွက် စာကြည့်တိုက်တစ်တိုက်လျှင် စာအုပ်တင်သံစင်တစ်စင်၊ ပလက်စတစ်ထိုင်ခုံ(၈)လုံးနှင့် စာအုပ် (၄၁)အုပ်တို့အား မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးသီဟဘော်ဇံနှင့်တာဝန်ရှိသူများက ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌများနှင့် စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း